
သာသနာပြုဘုန်းကံရှင်မထေရ်ကျော်
အလိုတော်ပြည့်ဆရာတော်
သာသနံ ပုည၀န္တဿ၊ ပုည၀န္တာဝ လာဘိနော။
နပ္ပပုညာ ကရဟစိ၊ ပဂ္ဂဏှိတုမ၀ိသယာ။
ဟူသည်နှင့်အညီ သာသနာပြုလုပ်ငန်း၊
သာသနာတော်ထောက်ပံ့မှုလုပ်ငန်းများကို
ဘုန်းကံရှိသူတို့သာ ဆောင်ရွက်နိုင်ပြီး၊
ဘုန်းကံနည်းပါးသူများ မပြုနိုင်မဆောင်ရွက်နိုင်ကြောင်းကို
ဗုဒ္ဓဘာသာဝင် သူတော်စင်များ သိရှိကြပြီး ဖြစ်သည်။
သာသနာဟူသည်မှာလည်း-
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
-ဟူသည်နှင့်အညီ မကောင်းမှုမပြုခြင်း၊ ကုသိုလ်ကောင်းမှုဟူသမျှပြုခြင်း၊ စိတ်ဖြူစင်အောင် ထားခြင်းများအတွက် ဆုံးမဟောကြားထားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားတော်များသည် သာသနာဖြစ်သည်ကိုလည်း ဗုဒ္ဓဘာသာဝင် သူတော်စင်များ သိရှိကြပြီး ဖြစ်သည်။ ယင်းတရားတော်များ လူသားအတွင်း ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်ခြင်းသည် သာသနာပြုခြင်းပင် ဖြစ်သည်။ တရားတော်များကို သိရှိလိုက်နာကျင့်ကြံပွားများရသော လူသားသည် ဖြောင့်မှန်သောအယူ ယူရခြင်းမှ ဆင့်ပွား၍ ဖြောင့်မှန်သော စိတ်အကြံ၊ ဖြောင့်မှန်သောစကား၊ ဖြောင့်မှန်သောအလုပ်၊ ဖြောင့်မှန်သောအသက်မွေးမှု၊ ဖြောင့်မှန်သော သတိ၊ ဖြောင့်မှန်သော အားထုတ်မှုနှင့် ဖြောင့်မှန်သော စိတ်၏ စင်ကြယ်တည်ကြည်မှုများ ကိုယ်၌တည်လာနိုင်သဖြင့် ပစ္စုပ္ပန်သံသရာ ဘ၀နှစ်ဖြာ၌ ဘေးကင်းချမ်းသာ ကောင်းရာသုဂတိ အဆီးအတားမရှိ ဖြစ်ရုံမျှမက ဘ၀လွတ်မြောက်မှုနိဗ္ဗာန်ဆုကိုပင် ရရှိခံစားနိုင်သည်။ ထို့ကြောင့် သာသနာပြုကုသိုလ်သည် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဆိုသည့်အတိုင်း အမြင့်မြတ်ဆုံးသော ကုသိုလ်ပင် ဖြစ်ပါတော့သည်။
သာသနာပြုလုပ်ငန်းကို မြတ်စွာဘုရားကိုယ်တော်တိုင် ပထမဦးဆုံး ပြုတော်မူခဲ့သည်။ ၎င်းနောက် သာဝကအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ပြုစုပျိုးထောင်တော်မူခဲ့ကြသဖြင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အများ အပြား၌ လူပေါင်းများစွာက ဗုဒ္ဓသာသနာအဆုံးအမကို ခံယူရရှိနေကြရသည်။ မြန်မာနိုင်ငံတွေင်လည်း ဗုဒ္ဓသာသနာတော် စတင်ရောက်လာချိန်မှစ၍ မင်းများနှင့်တကွ ဆရာဒါယကာအစဉ်အဆက်က လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်တော်မူကြသဖြင့် ဗုဒ္ဓသာသနာရောင် ထွန်းပြောင်ပြန့်ပွား စည်ပင်ထွန်းကားနေရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားလာရသောကြောင့် မြန်မာတိုင်းရင်းသားများသည် မိမိတို့၏ ဘ၀ကို ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်များဖြင့် ငြိမ်းချမ်းစွာ တည်ဆောက်နိုင်ခဲ့ကြသည်။ မိမိတို့၏ ရှိရင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာယဉ်ကျေးမှုများဖြင့် ဆက်နွှယ်၍ မြှင့်တင်ပေးနိုင်ခဲ့ကြသည်။ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားဆည်းပူးခဲ့ကြရသဖြင့် လောကီလောကုတ္တရာ အသိပညာ ဗဟုသုတ ကုံလုံကြွယ်ဝပြီး အတွေးအခေါ် အမြော်အမြင်များ မြင့်မားလာခဲ့ကြရုံမက မိမိတို့ရှိရင်း ဝေါဟာရများမှာလည်း ဗုဒ္ဓစာပေလာ ဝေါဟာရများကို ထပ်လောင်းပေါင်းစပ်ပေးနိုင်သဖြင့် ကြွယ၀သော ဝေါဟာရကို ထူထောငလာနိုင်ခဲ့ကြသည်။
ဗုဒ္ဓသာသနာ အဆုံးအကို ခံယူရရှိခြင်း၏ အကျိုးတရားကား များပြားလှပါသည်။ ထို့ကြောင့် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်တော်မူခဲ့ကြသော မြတ်စွာဘုရားရှင်တော်နှင့်တကွ သာဝကအဆက်ဆက်တို့၏ ကျေးဇူးတရားကြီးမားတော်မူပုံကို မေ့ပျောက်ရန် မသင့်ပေ။ အခါအခွင့်သင့်လျှင် ထိုကျေးဇူးရှင်များအား ကျေးဇူးဆပ်သောအားဖြင့် လူတိုင်းကိုယ်စီ လက်ဆင့်ကမ်း သာသနာပြုသွားကြရပေမည်။ သာသနာပြုရာ၌ ပဂ္ဂဟချီးမြှောက်ထောက်ပံ့တည်တံ့ပြန့်ပွားထွန်းကားအောင် သာသနာပြုနည်းနှင့် နိဂ္ဂဟသာသနာတော်သန့်ရှင်းရေး အတွက် အတုအယောင်များကို ဖယ်ရှားကင်းဝေးပပျောက်အောင် သာသနာပြုနည်းဟူ၍ နှစ်မျိုးရှိရာ နိဂ္ဂဟ အတုအယောင ပပျောက်အောင် သာသနာပြုနည်းမှာ ဓမ္မစက်သက်သက်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဏာစက် ထက်ထက်မြက်မြက်ဖြင့် ဆောင်ရွက်မှ ပြီးစီးအောင်မြင်နိုင်သော ကိစ္စဖြစ်သောကြောင့် သဒ္ဓါ ပညာ ဘုန်းကံကြီးမားသော သီရိဓမ္မာသောက၊ ပရက္ကမဗာဟု၊ အနောရထာ၊ ဓမ္မစေတီမင်းများကဲ့သို့သော မင်းအစိုးရများ၏ ထက်မြက်သော အာဏာစက်အကူအညီရပါမှ ထိုကဲ့သို့ မင်းအစိုးရများ ခေတ်အခါရောက်မှ အထမြောက် အောင်မြင်မည်ဖြစ်သည်။
ထို့ကြောင့် သာမန်ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများသည် ပဂ္ဂဟသာသနပြုလုပ်ငန်းဖြင့် မြတ်ဘုရား၏ အဆုံးအမ မြတ်ဓမ္မသာသနာ တည်တံ့ပြန့်ပွား ထွန်းကားလာအောင် ချီးမြှောက်ထောက်ပံ့ပို့ချ ဟောကြား ရေးသား ဆင့်ပွား၍ ဆောင်ရွက်သွားကြရန်သာ လိုအပ်ပါသည်။ ဤပဂ္ဂဟနည်းဖြင့် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်ရာ၌လည်း မြတ်ဘုရား အဆုံးအမ မြတ်ဓမ္မသာသနာကို သိရှိလိုက်နာလာအောင် သာသနာပြုရခြင်းနှင့် ကျင့်ကြံပွားများလာအောင် သာသနာပြုခြင်းဟူ၍ နှစ်မျိုးရှိပြန်သည်။ ပရိယတ္တိသာသနာပြုခြင်း၊ ပဋိပတ္တိသာသနာပြုခြင်းဟူ၍ ခေါ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း ကိုယ်တော်မြတ်၏ အဆုံးအမ မြတ်ဓမ္မသာသနာတော်များ တည်တံ့ ထွန်းကား ပြန့်ပွားရေးအတွက် တပည့်သားသာဝက ရဟန်းတော်များ၏ တာဝန် ၀တ္တရား၊ ဆောင်ရွက်ရမည့် အလုပ်များကို ချမှတ်ပေးတော်မူရာ၌ ယင်းပရိယတ္တိသာသနာပြုခြင်း၊ ဂန္ထဓုရ၊ ၀ိပဿနာဓုရ လုပ်ငန်းနှစ်ရပ်ကိုပင် ပြုလုပ်ဆောင်ရွက်ရန် ချမှတ်ပေးထားတော်မူခဲ့ပါသည်။
ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ထေရ၀ါဒဗုဒ္ဓသာသနာ အထွန်းကားဆုံး နိုင်ငံဖြစ်သည်။ မြတ်စွာဘုရား ချမှတ်ထားတော်မူခဲ့သော ဂန္ထဓုရ၊ ၀ိပဿနာ ဓုရသာသနာပြုလုပ်ငန်းနှစ်ဝကို မြန်မာနိုင်ငံ၌ ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များပါ ကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိနေကြသည်။ စာသင်တိုက်၊ ကမ္မဋ္ဌာန်းတိုက် တည်ဆောက်၍ သာသနာပြုကျမ်းဂန်တတ် အကျော်အမော် ဆရာတော်များ၊ ကမ္မဋ္ဌာန်းနည်းပြ အကျော်အမော်ဆရာတော်များ အများအပြားပင် ပေါ်ထွန်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင်မျှသာမက နိုင်ငံခြားတိုင်းပြည်များသို့ပင် ကြွရောက်၍ သာသနာပြုနေတော်မူသော ဆရာတော်များလည်း အများအပြားပင် ရှိသည်။ သို့ရာတွင် ဂန္ထဓုရ၊ ၀ိပဿနာဓုရ လုပ်ငန်းတာဝန်နှစ်ရပ်အနက် တာဝန်တစ်ရပ်ရပ်ဖြင့် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်တော်မူကြသော များပါသည်။ ဂန္ထဓုရ၊ ၀ိပဿနာဓုရ၊ လုပ်ငန်းနှစ်ရပ်လုံးဖြင့် စွယ်စုံသာသနာပြုတော်မူကြသော ဆရာတော်များက နည်းပါးလှပါသည်။
ဤသို့ သာသနာပြုတော်မူနေကြသော ဆရာတော်များတွင် အလိုတော်ပြည့်ဆရာတော်ကား ထူးခြားပြောင်မြောက်သော စွယ်စုံသာသနာပြုဆရာတော်ဖြစ်တော်မူသည်ကို ကြည်ညိုအားရဖွယ်တွေ့ရှိရပါသည်။ ဆရာတော်သည် -
(က) ၁၃၃၀-ပြည့်နှစ်၌ ကျောက်ပန်းတောင်းမြို့ မဟာအောင်မြေရတနာစာသင်တိုက်ကို တည်ထောင်၍ ပရိယတ္တိစာပေများကို ပို့ချတော်မူခဲ့သည်။
(ခ) ၁၃၃၂-ခုနှစ်၌ ပုဂံညောင်ဦး အောင်မြေဗောဓိဓမ္မရိပ်သာကို တည်ထောင်၍ တရားစခန်းများ ဖွင့်လှစ်တော်မူခဲ့သည်။
(ဂ) ၁၃၃၇-ခုနှစ်၌ ကျောက်ပန်းတောင်းမြို့နယ် တောင်နီတောရဓမ္မရိပ်သာကို တည်ထောင်၍ တရားစခန်းများ ဖွင့်လှစ်တော်မူခဲ့သည်။
(ဃ) ၁၃၅၆-ခုနှစ်၌ သင်္ဃန်းကျွန်းမြို့နယ် အောင်မြေရတနာစာသင်တိုက်ကို တည်ထောင်၍ ပရိယတ္တစာပေများကို ပို့ချတော်မူခဲ့သည်။
(င) ၁၃၅၇-ခုနှစ်၌ မိတ္ထီလာမြို့ အောင်မြေဗောဓိဓမ္မရိပ်သာကို တည်ထောင်၍ တရားစခန်းများ ဖွင့်လှစ်တော်မူခဲ့ပါသည်။
(စ) ၁၃၅၈-ခုနှစ်၌ မန္တလေးမြို့ ငါးစို့တိုက် အောင်မြေဗောဓိစာသင်တိုက်ကို တည်ထောင်၍ ပရိယတ္တိစာပေများကို ပို့ချတော်မူခဲ့ပါသည်။
(ဆ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ ရသေ့တောင်မြို့၊ မြောက်ဦးမြို့၊ သံတွဲမြို့နှင့် စစ်တွေမြို့များတွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်များကို အသီးသီး ဖွင့်လှစ်ပေးတော်မူခဲ့ပါသည်။
(ဇ) တာမွေမြို့နယ်၌လည်း အောင်မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်ကို တည်ထောင်၍ တရားစခန်းများ ဖွင့်လှစ်ခြင်း၊ ဓမ္မာစရိယသင်တန်းကို သုံးကြိမ်တိုင်တိုင် ဖွင့်လှစ်ပြီး သင်တန်းသား ရဟန်း သာမဏေ သီလရှင်တို့အား ဆွမ်းဘောဇဉ် အဖျော် ယမကာတို့ဖြင့် ကျွေးမွေးလှူဒါန်းခြင်းများဖြင့် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်တော်မူခဲ့သည်။
(ဈ) အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ဗောဓိသုခပရဟိတကျောင်းတိုက်ကို တည်ဆောက်ပြီး ဉာဏ်တော် (၂၇) ပေအမြင့်ရှိသော တိလောက၀ိဇယသယမ္ဘူစေတီတော်မြတ်ကို တည်ထားပူဇော်တော်မူခဲ့ပါသည်။
(ည) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို၊ အယ်လ်ဆိုဘရန်တီမြို့၌ အလိုတော်ပြည့်ဓမ္မရိပ်သာကို တည်ထောင်တော်မူပြီး ဉာဏ်တော် (၉) ပေ အမြင့်ရှိသော ကြေးစေတီတစ်ဆူကို တည်ထားပူဇော်ခြင်း၊ တရားစခန်းဖွင့်ခြင်းအပြင် ကနေဒါနိုင်ငံ၊ အော်တ၀ါမြို့တော်၌လည်း ဗောဓိသုခဓမ္မရိပ်သာကို တည်ထောင်တော်မူပြီး တရားစခန်းဖွင့်လှစ်၍ သာသနာပြုတော်မူခဲ့သည်။
(ဋ) ပုဂံဒေသနှင့် နယ်စပ်ဒေသများရှိ ဘုရားစေတီပုထိုးမြောက်မြားစွာကို ပြန်လည်ပြုပြင်တည်ထားပူဇော်ခြင်း များအပြင် မောင်တောမြို့၌ ပရဟိတကျောင်းတိုက်ကို တည်ထောင်၍ ကျောင်းသား (၅၀) လက်ခံပြီး ၎င်းတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို တာဝန်ယူဖြည့်ဆည်းပေးလျက် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်တော်မူခဲ့သည်။
(ဋ္ဌ) ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၌ သံဃာ (၁၀၀၀) ကျော် သီတင်းသုံးနေထိုင်နိုင်လောက်သော ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်ကြီးကိုလည်း ဦးဆောင်ပဓာနပြု၍ တည်ဆောက်လျက်ရှိနေပါသည်။
ဤသို့ ကြီးကျယ်သော စွယ်စုံသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတော်မူသော အလိုတော်ပြည့်ဆရာတော်ကား ၁၃၀၆ -ခုနှစ်၊ နယုန်လပြည့်၊ တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အရှေ့မြောက်ရပ်ကွက်နေ ဦးညိုသာဇံ ဒေါ်ညိုတို့မှ ဖွားသန့်စင်တော်မူခဲ့သည်။ ၁၃၂၅-ခုနှစ် တန်ဆောင်မုန်းလဆန်း (၈) ရက် တနင်္ဂနွေနေ့တွင် စစ်တွေမြို့ စိတ္တသုခကမ္မဋ္ဌာန်းကျောင်းတိုက် ခဏ္ဍသိမ်၌ ဘဒ္ဒန္တဉာဏစက္ကကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ မင်းပြား၊ စစ်တွေ၊ ရန်ကုန်၊ ညောင်ဦးမြို့များရှိ စာတတ်အကျော်အမော် ဆရာတော်များထံ ပါဠိ+အဋ္ဌကထာ+ဋီကာကျမ်းကြီး ပေါက်အောင် ပရိယတ္တစာပေများကို သင်ကြားဆည်းပူး တော်မူခဲ့သည်။ မြို့နယ်ဝိနည်းဓိုရ်အဖြစ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်၊ သံဃာ့တာဝန်ကို ထမ်းဆောင်တော်မူခဲ့သည့်အပြင် ပဋ္ဌာန်းဝိဿနာကျမ်း၊ ဃနသမူဟရှုနည်းကျမ်းတို့ကို ရေးသားတော်မူခဲ့သည်။ နိုင်ငံတော်က ဆက်ကပ်သော မဟာဂန္ထ၀ါစကပဏ္ဍိတ စာချဘွဲ့အပြင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သာသနာပြုဘွဲ့ (ပထမအဆင့်) ကိုပါ ခံယူရရှိတော်မူခဲ့သည်။ ယခုအခါ အလိုတော်ပြည့်ကျောင်းတိုက်တွင် ရဟန်းသာမဏေတို့အား ပရိယတ္တိစာပေများကို ပို့ချသင်ကြားပေးလျက်ရှိပါသည်။
အချုပ်အားဖြင့် အလိုတော်ပြည့်ဆရာတော်သည် ထူးချွန်ထက်မြက်သော သာသနာပြုအာဇာနည်ပုဂ္ဂိုလ်ထူး တစ်ပါး ဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာအတွက် အလွန်ကျေးဇူးကြီးမားသောပုဂ္ဂိုလ်မွန်တစ်ပါးဖြစ်ကြောင်းကို ဆရာတော်၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ စွယ်စုံသာသနာပြုလုပ်ငန်းများကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ ဘူးသီးတောင်၊ မောင်တောနှင့် နယ်စပ်ဒေသများ၌သာမက နိုင်ငံခြားတိုင်းပြည်များမှာပင် ဗုဒ္ဓဘာသာ သာသနာအဆုံးအမကို ရရှိနိုင်အောင် အခြေချ၍ ဗုဒ္ဓဓမ္မအဆုံးအမသာသနာတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ပေးနိုင်မှု၏ ကျေးဇူးမှာလည်း တုနှိုင်းမရသော ဆရာတော်၏ မြင့်မြတ်သော မြော်မြင်ကြီးမားသော ကုသိုလ် ထူးသော ၀ါယာမစိုက်ထုတ် ကြိုးပမ်း ပြုလုပ်မှု လုပ်ရပ်ပင်ဖြစ်သည်။ အမှန်အားဖြင့် သီလက္ခန်ဒိဗ္ဗစက္ခုခန်း၌ ဒုစရိုက်ပြုလုပ်နေသူများ၊ အရိယာကို စွပ်စွဲနေသူများ၊ ကိုယ်တိုင်အယူလွဲမှားနေသူများ၊ သူတစ်ပါးအယူလွဲအောင် ဆွဲဆောင်နေသူများသည် အပါယ်လားနေကြသည်ကိုသာ မြင်တော်မူရကြောင်း၊ သုစရိုက်ပြုသူများ၊ အရိယာကို မစွပ်စွဲသူများ၊ ကိုယ်တိုင်အယူမှန်သူများ၊ သူတစ်ပါးအယူမှန်အောင် ဆွဲဆောင်နေသူများသည် သုဂတိသို့သာ လားရောက်နေကြသည်ကို မြင်တော်မူရကြောင်းနှင့် တိကင်္ဂုတ္တရ ဗဟုပကာရသုတ်၌ သူတစ်ပါးအား သရဏဂုံ တည်အောင်ပြုနိုင်သူ၊ သစ္စာလေးပါးတရားသိအောင် ပြုနိုင်သူ၊ ရဟန္တာဖြစ်အောင် ပြုနိုင်သူ သုံးဦးသည် လောက၌ ကျေးဇူးအကြီးမားဆုံးသောသူဖြစ်ကြောင်း မြတ်စွာဘုရား ဟောကြားထားတော်မူချက်များသည် အလိုတော်ပြည့်ဆရာတော်ကဲ့သို့သော ပုဂ္ဂိုလ်ထူးများအတွက် ရည်စူးဟောကြားထားတော်မူခဲ့ခြင်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မာမက (သုတေသီ)။
Last Updated (Monday, 31 May 2010 14:19)
- ဆရာတော်ဧ။်ကိုယ်ရေးအကျဉ်း
- ရန်ကုန်ကျောင်းတိုက်
- အလိုတော်ပြည့် တက္ကသိုလ်
- စစ်တွေကျောင်းတိုက်
- ပုဂံညောင်ဦးကျောင်းတိုက်
- မန္တလေးကျောင်းတိုက်
- မောင်တောကျောင်းတိုက်
- ရသေ့တောင်ကျောင်းတိုက်
- သင်္ဃန်းကျွန်းကျောင်းတိုက်
- ဘူးသီးတောင်ကျောင်းတိုက်
- မင်းပြားပရဟိတကျောင်းတိုက်
- မေမြို့ကျောင်းတိုက်
- ကျောက်ပန်းတောင်းကျောင်းတိုက်
- မြောက်ဦးကျောင်းတိုက်
- မိတ္ထီလာကျောင်းတိုက်
- တောင်နီကျောင်းတိုက်
- သံတွဲ-ငပလီကျောင်းတိုက်
- တာချီလိတ်ကျောင်းတိုက်
- နယူးဝေါက်မြို့အလိုတော်ပြည့်ကျောင်း
- မောင်တောပရဟိတကျောင်းတိုက်
- အမေရိကန်အရီဇူးနာကျောင်းတိုက်
- အိန္ဒိယပရဟိတကျောင်းတိုက်
- ညောင်ပင်လယ်ကျောင်းတိုက်
- Kamma
- Advertisement Avaliable
- အင်တာဗျူးလျှောက်ထားခြင်း
- Live
- U Ottama Day
- Buddha
- Alodawpyei On YouTube
- giri
- အလိုတော်ပြည့်အဓိဌာန်ပြုဆုတောင်း























